တပ်ရွာမြစ်ရေတင်စီမံကိန်း အကျိုးကျေးဇူးကြောင့် ၀က်လက်မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်း တွင်ကျယ်

စစ်ကိုင်းတိုင်းအတွင်းရှိ ခရိုင်ချင်းဆက်လမ်း အမှတ်(၃) လမ်းမှ စစ်ကိုင်း-တောင်းရင်း-တပ်ရွာ ၂၀မိုင် ခရီးသွားလျှင် တပ်ရွာသို့ရောက်သည်။ တပ်ရွာသည် ဧရာဝတီမြစ်ကမ်းနံ ဘေးတွင် တည်ရှိပြီး ရွှေဘိုခရိုင် ၀က်လက်မြို့နယ်၌ ရှိသည်။ တပ်ရွာဝန်းကျင်တွင် မိုးစပါး နွေစပါးများ စိုက်ပျိုးကြသည့်အပြင် ချည်မျှင်ရှည်ဝါကိုလည်း တိုးချဲ့စိုက်ပျိုးလျက်ရှိသည်။
စိုက်ပျိုးရေးလုပ်ငန်းကို အဓိကအားထားသော တပ်ရွာဝန်းကျင်ဒေသ၌ စိုက်ပျိုးရေလုံ လောက်ရေးအတွက် နိုင်ငံတော်က စီမံဆောင်ရွက်ပေးလျက်ရှိသည်။ မြေအောက်ရေဖြင့် မလုံလောက်သောကြောင့် ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာနက ဧရာဝတီမြစ်ရေကို ရယူကာ ဒေသခံတောင်သူများအား ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။
တပ်ရွာကျေးရွာအနီး၌ တည်ဆောက်ပေးထားသော တပ်ရွာမြစ်ရေတင်စီမံကိန်းသည် ဧရာဝတီမြစ်မှ ရေကို ၁၅ကျူးဆက် ရေစုပ်စက်၁၂လုံးဖြင့် အမြင့်ပေ ၁၁၀မြင့်သော ဧရာဝတီမြစ်ကမ်းပေါ်သို့ရေတင်ပေးသည်။ စ၀ုပတ်တင်ပေးလိုက်သော ရေသည် ပေ ၁၁၀၀၀ ရှည်လျားသောတူးမြောင်းမကြီးမှတစ်ဆင့် ရေဝေသည်။ ထို့နောက်ပေ ၁၇၅၂၀ရှည်လျားသော ရေသွယ်မြောင်းမကြီးများမှတစ်ဆင့် စုစုပေါင်း ၂၅၄၉၃၉၄ ရှည်လျားသော လက်တံမြောင်းများမှ ဖြန့်ခွဲကာ ရေဝေပေးသည်။
ဤသို့ဖြင့် တပ်ရွာ မြစ်ရေတင်စီမံကိန်း၏ အကျိုးကျေးဇူးကြောင့် ထိုမျှရှည်လျားသော ရေဝေဒေသများအတွင်းရှိ တပ်ရွာကျေးရွာ သာမက ၀က်လက်မြို့နယ်အတွင်းရှိ စိုက်ပျိုးမြေ ၁၆၅၄၈ ဧကတို့ကို စိုက်ပျိုးရေ ပေးဝေနိုင်ခဲ့ပေရာ ဒေသခံကျေးရွာများမှ တောင်သူများ အားလုံး သီးထပ်၊ သီးညှပ်များသာမက နွေစပါး မိုးစပါးများပါ ရာသီမရွေး တွင်ကျယ်စွာ စိုက်ပျိုးနိုင်ကြသည်ကို ၀မ်းမြောက်စွာ ကြားသိခဲ့ရသည်။
0 comments:
Post a Comment