ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကိုကို ဧရာဝတီတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်ဆွေနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ဖေဖော်ဝါရီ ၂၀ရက် နံနက်၈ နာရီက ဒေးဒရဲမြို့နယ် သောကြာကျေးရွာ တွဲဖက်အခြေခံပညာ အထက်တန်းကျောင်းသို့ရောက်ရှိရာ မြနန္ဒာကုမ္ပဏီမှ လုပ်ငန်းတာဝန်ခံက မုန်တိုင်းဒဏ်ခံအဆောက်အအုံအတွက် မြေနေရာရွေးချယ်ထားမှုနှင့် လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကိုလည်းကောင်း၊ ကျောင်းအုပ်ဆရာကြီးက သဘာဝဘေးကြောင့် ပျက်စီးသွားသော ကျောင်းအဆောက်အအုံများ ပြန်လည်ပြုပြင် တည်ဆောက်နေမှုနှင့် ပညာရေးဆိုင်ရာများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး တိုင်းမှူးက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဗိုလ်ချုပ်ကိုကိုသည် ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှု ၊ Cyclone Shelter တည်ဆောက်မည့်နေရာနှင့် ကျေးရွာသန့်ရှင်း သာယာလှပ ဖွံ့ဖြိုးတိုးတက်နေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ ကျေးလက်ကျန်းမာရေးဌာနသို့ရောက်ရှိရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့်တာဝန်ရှိသူများက ကျေးလက်ကျန်းမာရေးဌာန အဆောက်အအုံတည်ဆောက်ပြီးစီးမှုနှင့် ဒေသတွင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
လှည့်လည်ကြည့်ရှု
ထို့နောက် ဗိုလ်ချုပ်ကိုကိုသည် ရေယာဉ်ဖြင့် ဒေသခံများ၏ ရေလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေမှုနှင့် ဒီရေကာကွယ်တောများ ထိန်းသိမ်းထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ပေးအပ်
ယင်းနောက် ဗိုလ်ချုပ်ကိုကိုသည် ဖျာပုံမြို့သို့ ရောက်ရှိပြီး ဒဂုန်အင်တာနေရှင်နယ်လီမိတက်က ဆောက်လုပ်သည့်တိုးချဲ့ ခုတင်(၂၀၀) ဆံ့ ဆေးရုံ၌ တိုးချဲ့ဆောင်သစ် ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးကာ ဖျာပုံတပ်နယ်ခန်းမ၌ တပ်နယ်မှ အရာရှိ၊စစ်သည် မိသားစုဝင်များအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို မှာကြားပြီး လူသုံးကုန်ပစ္စည်းများ၊ အ၀တ်အထည်နှင့် အပ်ချုပ်စက်တို့ကို ပေးအပ်ခဲ့သည်။