နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး ဦးဥာဏ်ဝင်းနှင့် ဇနီးတို့ဦးဆောင်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုင်ရာ သံတမန်အဖွဲ့နာယက၊ ဘရူနိုင်းဒါရုဆလမ်နိုင်ငံ သံအမတ်ကြီး H.E.Pehin Datu Inderasgara BrigGen(B) Dato Paduka Haji Mohanumad Yusof bin Abu Bakar နှင့် ဇနီး Mrs. Datin Mastura Mohsin နှင့် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များနှင့်ဇနီးများ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များနှင့်ဇနီးများ ပါဝင်သည့် သံတမန်လေ့လာရေးအဖွဲ့သည် ကချင်ပြည်နယ်၌ ကြည့်ရှုလေ့လာရန် ဇန်န၀ါရီ ၁၆ ရက်နံနက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနား လေတပ်စခန်းဌာနချုပ်သို့ ရောက်ရှိကြသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီးနှင့် ဇနီး၊ သံတမန် အဖွဲ့ဝင်များအား ကချင်ပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးဝင်းနှင့် ဇနီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံ တိုင်းရင်းသား တိုင်းရင်းသူများ၊ ရိုးရာယဉ်ကျေးမှုအကအဖွဲ့များက မြစ်ကြီးနားလေတပ်စခန်းမ၌ တိုင်းမှူးက ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် ကချင်ပြည်နယ်အကြောင်းသိကောင်းစရာများကို ရှင်းလင်းပြောကြားရာ သံတမန်အဖွဲ့နာယက ဘရူနိုင်းဒါရုဆလမ်နိုင်ငံ သံအမတ်ကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
သံတမန်အဖွဲ့ဝင်များသည် ဇန်န၀ါရီ ၁၇ ရက် နံနက်ပိုင်းတွင် ဖားကန့်မြို့နယ် လုံးခင်း/ဖားကန့် ရတနာမြေနမ့်မှော်ရွာရှိ သတ္တုတွင်းဝန်ကြီးဌာန၏ တန် ၃၀၀၀ ကျောက်စိမ်းပြတိုက်အတွင်း လှည့်လည်ကြည့်ရှုကြသည်။
ဆက်လက်၍ သံတမန်အဖွဲ့ဝင်များသည် ဖားကန့်မြို့ရှိ Ever Winner ကျောက်စိမ်းအလုပ်ရုံသို့ ရောက်ရှိကြပြီး ကျောက်စိမ်းအရိုင်းတုံးများဖြတ်ခွဲခြင်းနှင့် ကျောက်ချောထုတ်လုပ်မှု လုပ်ငန်းအဆင့်ဆင့်တို့ကို ကြည့်ရှုလေ့လာကြသည်။
ညပိုင်းတွင် တိုင်းမှူးနှင့် ဇနီးတို့က သံတမန်အဖွဲ့ဝင်များအား မြစ်ကြီးနားမြို့ဧည့်ရိပ်သာမြက်ခင်းပြင်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
ဂုဏ်ပြုညစာစားပွဲတွင် မြစ်ကြီးနားမြို့ တေးဂီတအဖွဲ့နှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များက ယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး တိုင်းမှူး၊ ၀န်ကြီးနှင့် သံတမန်အဖွဲ့ နာယကတို့က ဖျော်ဖြေတင်ဆက်ကြသူများအား ဂုဏ်ပြုပန်းခြင်းနှင့် ဆုငွေများကို ပေးအပ်ကြသည်။
သံတမန်အဖွဲ့ဝင်များသည် ဇန်န၀ါရီ ၁၈ ရက်နံနက်ပိုင်းတွင် မေခနှင့် မလိခ မြစ်ဆုံနေရာသို့ သွားရောက်ကြည့်ရှုလေ့လာကြပြီး မွန်းလွဲပိုင်းတွင် မြို့မဈေးနှင့် ဆန်းကျောက်မျက်ရတနာအရောင်းပြခန်းတို့ကို ကြည့်ရှုလေ့လာခဲ့ကြောင်း သတင်းရရှိသည်။