ဘိန်းအပါအ၀င် မူးရစ်ဆေးဝါးသည် လူသားမျိုးနွယ်တစ်ရပ်လုံး လူညွန့်တုံးစေမည့် အန္တရာယ်ဆိုးဖြစ်သဖြင့် ခေတ်အဆက်ဆက် ထုတ်လုပ်သုံးစွဲမှု ၊ရောင်းချမှုကို တားဆီးကာကွယ်တိုက်ဖျက်ခဲ့သည်။
မူးယစ်ဆေးဝါးပြဿနာသည် လူမှုရေးပြဿနာဖြစ်သည်။ ဘိန်းစိုက်ပျိုး စီးပွားရှာသော လုပ်ငန်းသည် အင်္ဂလိပ်နယ်ချဲ့များ အာရှတွင် စီးပွားရေးနယ်ချဲ့ အခြေချစဉ်ကတည်းက ပေါ်ထွန်းခဲ့ခြင်းဖြစ်သည်။
နို်င်ငံတော်အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးရယူပြီးချိန်မှစ၍ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်း များကို စီမံချက်များချမှတ်ကာ နယ်စပ်ဒေသများ၌ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပေသည်။
မြန်မာနိုင်ငံ၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့် ပတ်သက်၍ ရှေးမြန်မာမင်းများ လက်ထက်ကတည်းကပင် ဘိန်းကင်း၊ ကဇော်၊လှော်စာ၊ အရက်သုံးစွဲခြင်းကို အမိန့်ပြဋ္ဌာန်းချက်များ ထုတ်ပြန်တားမြစ်ခဲ့သည်။
သိပ္ပံနှင့် နည်းပညာများ ထွန်းကားလာသည့် အနောက်နိုင်ငံများသည် မူးရစ်ဆေးဝါးထုတ်လုပ်သည့် နည်းစနစ်များ၊ ပစ္စည်းကိရိယာများကို ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ပျံ့နှံ့စေခဲ့ပြီး မူးယစ်ဆေးဝါးထုတ်လုပ်နေသည်ဟု ပုတ်ခတ်စွပ်စွဲခဲ့ကြသည်။
မူးရစ်ဆေးဝါးပြဿနာသည် ကမ္ဘာ့လူသားမျိုးနွယ်အားလုံး အထူးသဖြင့် မျိုးဆက်သစ်လူငယ်များ အားလုံး၏ ဘ၀ကို အညွန့်ကျိုး၊မျိုးတုံးခြိမ်းခြောက် လျက်ရှိသဖြင့် နိုင်ငံတိုင်းက ၀ိုင်းဝန်းဖြေရှင်းရမည် ဖြစ်သည်။
မြန်မာနိုင်ငံသည် ဘိန်းအပါအ၀င် မူးရစ်ဆေးဝါးများ စိုက်ပျိုးထုတ်လုပ်ခြင်း ၊ ရောင်းချခြင်းနှင့် သုံးစွဲခြင်းတို့ လျော့ပါးစေရေးအတွက် ဘိန်းအစားထိုးစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပေသည်။
ဘိန်းစိုက်ပျိုးမှု လျော့နည်းကျဆင်းမှုများသည် မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ချမှတ်အကောင်အထည်ဖော်ရာ၌ မှန်ကန်သောမဟာဗျူဟာ ၊ နည်းဗျူဟာများကြောင့် အောင်မြင်မှုရလဒ်များ ပေါ်ထွန်းခဲ့ခြင်းဖြစ်သည်။
သို့ဖြစ်ပေရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းကို နိုင်ငံတော်အစိုးရသည် အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်အစိုးရနှင့်အတူ တိုင်းရင်းသား ပြည်သူများက ၀ိုင်းဝန်းလက်တွဲ ပါဝင်တိုက်ဖျက်ကြမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။