အမျိုးသားရေး အင်အားစုကြီးအဖြစ် နိုင်ငံတော်အကျိုးစီးပွား ပြည်သူများနှင့် လက်တွဲကြိုးပမ်း
၁၉၉၃ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှ စတင်ဖွဲ့စည်းခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကြီးသည် (၁၅) နှစ်ကျော် သက်တမ်းသို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။
နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် အသင်းကြီးသည် အမျိုးသားရေးအင်အားစုကြီးအဖြစ် ရပ်တည်လျက်ရှိပြီး နိုင်ငံတော်သစ် တည်ဆောက်ရေးလုပ်ငန်းစဉ်ကြီးသည် ပြည်တွင်းရှိ စစ်မှန်သော အင်အားဖြစ်ကာ နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့် တပ်မတော်တို့ကသာ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ပြည်တွင်းရေးဖြစ်သည်ဟု အသင်းကြီးက ခံယူထားသည်။
တည်ငြိမ်အေးချမ်းမှုရှိမှသာ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို တည်ဆောက်နိုင်မည်ဖြစ်သည်။ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသော ဆူပုအကြမ်းဖက်မှုများသည် ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးသို့ လျှောက်လှမ်းရာတွင် နှောင့်နှေးစေမည်ဖြစ်၍ အဖျက်လုပ်ရပ်မှန်သမျှအား အသင်းသားများက ကန့်ကွက်တားဆီးပြီး အပြုသဘောလုပ်ဆောင်မှုများကို လက်တွဲဆောင်ရွက်သွားကြမည် ဖြစ်သည်။
အသင်းသားများအနေဖြင့် နိုင်ငံကို ချစ်မြတ်နိုးသူများ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အခိုင်အမာ တည်ဆောက်လိုသူများ၊ တည်ငြိမ်အေးချမ်းမှုကို လိုလားသူများ၊ အမျိုးသားယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်လိုသူများဖြစ်ပြီး နိုင်ငံတော်၏ အကျိုးစီးပွားကို ထမ်းရွက်ကြမည့် လူငယ်မောင်မယ်များ ဖြစ်ကြသည်။
နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများနှင့် အခြားသော လူမှုရေး ဆောင်ရွက်ချက်များတွင် တိုင်းရင်းသားပြည်သူများနှင့် အတူ လက်တွဲဆောင်ရွက်လျက်ရှိသည်။
ယခုနှစ် မေလဆန်းက ဖြစ်ပေါ်ခဲ့သော ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်း လေဘေးသင့်ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌ အသင်းဝင်လူငယ်များ သွားရောက်ကာ ကူညီဆောင်ရွက်ခဲ့ကြ၍ အချိန်တိုအတွင်း မူလအခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။
အသင်းကြီးသည် ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိရန် မှန်ကန် လက်တွေ့ကျသော လမ်းစဉ်၊ စေတနာပါသော အကောင်အထည်ဖော်မှုများဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး စစ်မှန်သည့် အင်အားများဖြစ်သည့် နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့်တပ်မတော်တို့နှင့်အတူ ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်ကြီးကို အခိုင်အခံ့တည်ဆောက်သွားမည်သာ ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

0 comments:
Post a Comment