နိုင်ငံတော်အစိုးရသည် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို ဖော်ဆောင်လျက်ရှိရာ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်မှု တိုးတက်ကောင်းမွန်ရေး၊ သောက်သုံးရေ ရရှိရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးခဲ့ရာ ကျေးလက်ပြည်သူများ၏ လူမှုစီးပွားဘ၀ မြင့်မားလာလျက်ရှိသည်။
ယခုအခါ ကျေးလက်ဒေသများတွင် ကျေးရွာများ မီးရရှိရေးအတွက် ဆောင်ရွက်လျက်ရှိရာ၌ ဇီဝဓာတ်ငွေ့သုံး ဓာတ်ငွေ့ကန်များ တည်ဆောက်ခြင်းကို တီထွင်ကြံဆ ဆောင်ရွက်နိုင်ခဲ့သည်။
ဇီဝဓာတ်ငွေ့ကန်သည် တောင်သူများအတွက် မီးရရှိရုံသာမက ထမင်း၊ ဟင်းချက်ရာတွင် ထင်းအစားထိုးလောင်စာအဖြစ် အသုံးပြုနိုင်ပြီး စွန့်ပစ် ပစ္စည်းများကို မြေသြဇာအဖြစ် ပြန်လည် အသုံးပြုနိုင်၍ ငွေကြေးကုန်ကျစရိတ် နည်းပါးစွာ တည်ဆောက်နိုင်ကာ ဘက်စုံအသုံး ၀င်သည့် လုပ်ငန်းတစ်ခုဖြစ်သည်။
တစ်အိမ်ထောင်သုံး ဇီဝဓာတ်ငွေ့ကန်များသည် ကျေးရွာသုံး ဇီဝ ဓာတ်ငွေ့ကန်များအဖြစ် ကုန်ကြမ်း အလွယ်တကူ ရရှိသည့် နွားချေး ၊ ၀က်ချေး၊ ကြက်ချေးစသည့် တိရစ္ဆာန်များ၏ စွန့်ပစ်ပစ္စည်းများကို အသုံးပြုပြီး ဇီဝဓာတ်ငွေ့ ထုတ်လုပ်သုံးစွဲခြင်းဖြစ်သည်။အိမ်ထောင်စုတစ်စုတွင် နွားငါးကောင်မှ ခုနှစ်ကောင် သို့မဟုတ် ၀က်နှင့်ကျွဲများရှိပါက ကုန်ကြမ်းအစာအဖြစ် ရော၍ အသုံးပြုနိုင်ကြောင်း သိရသည်။
ယခုအခါ ယင်းဇီဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွင် ကျေးရွာများ၌ အိမ်ထောင်စုအလိုက် မီးထွန်းရန်၊ ထမင်းဟင်းချက်ရန်၊ လယ်ယာမြေများ၌ မြေသြဇာအဖြစ် အသုံးပြုရန် သုတေသနပြု စမ်းသပ်ထားသည့် ဇီဝဓာတ်ငွေ့နှင့် ဇီဝသဘာဝမြေသြဇာ ထုတ်လုပ်မှုတို့ကို ပြုလုပ်လျက်ရှိပြီး ဇီဝဓာတ်ငွေ့ဖြင့် ကျေးလက်မီးလင်းရေးကို ဆောင်ရွက်ပေးလျက်ရှိသည်။
သို့ဖြစ်ရာ ကျွဲနွားတိရစ္ဆာန်တို့၏ စွန့်ပစ်္ပစ္စည်းမှ ထွက်ရှိသော ဇီဝဓာတ်ငွေ့အသုံးချမှု၊ ဇီဝအရည်ဖြင့် စိုက်ပျိုးရေးတွင် အသုံးပြုခြင်းတို့သည် မိသားစု တစ်နိုင်တစ်ပိုင်လုပ်ငန်းအဖြစ် ကျေးလက်ပြည်သူများအား ပညာပေးစည်းရုံးဆောင်ရွက်သွားမည်ဆိုပါက ကျေးလက်ဒေသများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုအထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။