နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံ(ရန်ကုန်)တွင် သဘာဝ စွန့်ပစ်ပစ္စည်းသုံး ဇီဝဓာတ်ငွေ့စွမ်းအင်ထုတ် ဓာတ်ပေါင်းအိုးကို ကြည့်ရှုစစ်ဆေးစဉ်။




နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်အား မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်းစက်ရုံ(ရန်ကုန်)တွင် ကြက်ဥမှ မြွေဆိပ်ဖြေဆေး သုတေသနပြုလုပ်မှုနှင့်စပ်လျဉ်း၍ လက်ထောက်စက်ရုံမှူး ဒေါက်တာအောင်ဇော် ရှင်းလင်းတင်ပြစဉ်။



နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်းစက်ရုံ(ရန်ကုန်)ရှိ Instrumental Laboratory တွင် ပြည်တွင်းသို့တင်သွင်းလာသည့် နို့မှုန့်များ၌မယ်လမင်းဓာတ် ပါဝင်မှုရှိမရှိ ခေတ်မီစစ်ဆေးကိရိယာများဖြင့် စမ်းသပ်စစ်ဆေးနေမှုကို ကြည့်ရှုစစ်ဆေးစဉ်။




မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံ(ရန်ကုန်)တွင် သဘာဝစွန့်ပစ်ပစ္စည်းသုံး ဇီဝဓာတ်ငွေ့စွမ်းအင်ထုတ် ဓာတ်ပေါင်းအိုးကိုတွေ့ရစဉ်။




မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်းစက်ရုံ(ရန်ကုန်)တွင် သဘာဝစွန့်ပစ်ပစ္စည်းသုံး ဇီဝဓာတ်ငွေ့စွမ်းအင်ထုတ် ဓာတ်ပေါင်းအိုးမှထွက်ရှိသည့် ဇီဝဓာတ်ငွေ့ဖြင့် ပေါင်းအိုးအသုံးပြု၍ ထမင်းချက်နေမှု၊ မီးဖိုဖြင့် ရေနွေးအိုးတည်နေမှုတို့ကိုတွေ့ရစဉ်။

နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ကြို့ကုန်းရှိ မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်းစက်ရုံ(ရန်ကုန်)သို့ သွားရောက်၍ သဘာဝစွန့်ပစ်ပစ္စည်းသုံး ဇီဝဓာတ်ငွေ့စွမ်းအင်ထုတ် ဓာတ်ပေါင်းအိုးကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားသည်။
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေ လိုက်ပါလျက် မွန်းလွဲ၂နာရီတွင် မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံ(ရန်ကုန်)သို့ ရောက်ရှိလာရာ ရန်ကုန်တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းမြင့်၊ အစိုးရအဖွဲ့-အဖွဲ့ဝင်ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ အစိုးရအဖွဲ့ရုံးညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြိုဆိုကြသည်။
ယင်းနောက် ဝန်ကြီးချုပ်သည် ယာယီရှင်းလင်းဆောင်၌ ပြသထားသော သဘာဝစွန့်ပစ်ပစ္စည်းသုံး ဇီဝဓာတ်ငွေ့ စွမ်းအင်ထုတ် ဓာတ်ပေါင်းအိုးအား ကြည့်ရှုစစ်ဆေးရာ အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီးဦးအောင်သောင်းနှင့် စက်ရုံမှူးဦးဝင်းကိုကိုတို့က သဘာဝစွန့်ပစ်ပစ္စည်းမှ ဇီဝဓာတ်ငွေ့ထုတ်ယူမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက်ဝန်ကြီးချုပ်သည် သဘာဝစွန့်ပစ်ပစ္စည်းသုံး ဇီဝဓာတ်ငွေ့စွမ်းအင်ထုတ် ဓာတ်ပေါင်းအိုးမှထွက်ရှိသည့် ဇီဝဓာတ်ငွေ့ဖြင့် ပေါင်းအိုးအသုံးပြု၍ ထမင်းချက်နေမှု၊ မီးဖိုဖြင့် ရေနွေးအိုးတည်နေမှု၊ အောက်လင်းဓာတ်မီး ထွန်းညှိအသုံးပြုမှုတို့နှင့် ဓာတ်ပေါင်းအိုး၏ ကိုယ်ထည်အပေါ်ပိုင်း၊ ကိုယ်ထည်အောက်ပိုင်း၊ ဓာတ်ငွေ့ထုတ်အပေါ်ထိပ်အုပ်၊ သဘာဝစွန့်ပစ်ပစ္စည်းထည့်ပိုက်နှင့် အသုံးပြုပြီး စွန့်ပစ်သည့် ပိုက်အစိတ်အပိုင်းများကို ကြည့်ရှုစစ်ဆေးရာ ဝန်ကြီးဦးအောင်သောင်းက လိုက်လံရှင်းလင်းပြသသည်။
ထို့နောက် ဝန်ကြီးချုပ်က တာဝန်ရှိသူများအား ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ကျွဲ၊ နွား ၅/၆ကောင်မွေးရုံဖြင့် ၄င်းတို့၏စွန့်ပစ်ပစ္စည်းများမှထွက်ရှိလာသော ဇီဝဓာတ်ငွေ့ဖြင့် အိမ်ထောင်စုအလိုက် ထမင်းဟင်းချက်ပြုတ်နိုင်ရုံသာမက အောက်လင်းမီးပါ အသုံးပြုနိုင်ကြောင်းကို ကျေးရွာတိုင်းတွင် ဇီဝဓာတ်ငွေ့စွမ်းအင်ထုတ် ဓာတ်ပေါင်းအိုးများ တည်ဆောက်၍ လက်တွေ့ပြသရန်၊ ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မြင့်မားမားနေနိုင်ရေးအတွက် ဇီဝဓာတ်ငွေ့ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေး တာဝန်ရှိသူများက စည်းရုံးဆောင်ရွက်သွားရန်၊ ဇီဝဓာတ်ငွေ့အသုံးပြုပြီး ကျန်ရှိသော ဇီဝမြေသြဇာနှင့် ဇီဝပျော်ရည်တို့ကို အသုံးပြုခြင်းဖြင့် သီးနှံပင်များ ကြီးထွားပြီး အထွက်နှုန်းတိုးကြောင်းကို ပညာပေးဆောင်ရွက်ခြင်းသာမက လက်တွေ့ပြသရန်၊ ဇီဝဓာတ်ငွေ့စွမ်းအင်ထုတ် ဓာတ်ပေါင်းအိုးများတပ်ဆင်ခြင်း၊ အသုံးပြုခြင်း စနစ်တကျရှိစေရေး ဆင့်ပွားသင်တန်းများ စီမံပေးရန် မှာကြားသည်။
အဆိုပါ သဘာဝစွန့်ပစ်ပစ္စည်းသုံး ဇီဝဓာတ်ငွေ့စွမ်းအင်ထုတ် ဓာတ်ပေါင်းအိုးကို အသုံးပြုရာတွင် နွားလေးကောင်(သို့မဟုတ်) ငါးကောင်(သို့မဟုတ်) ဝက်ငါးကောင်ခန့်(သို့မဟုတ်) ဆိတ်၁၅ကောင်ခန့်မှ ၅ရက်တွင်ပေါင် ၂၀ခန့်ထွက်ရှိသော စွန့်ပစ်ပစ္စည်းများဖြင့် ဇီဝဓာတ်ငွေ့လုံလုံလောက်လောက် ရနိုင်သည်။ ထွက်ရှိသောဇီဝဓာတ်ငွေ့ဖြင့် ထမင်းချက်ခြင်း၊ ဟင်းချက်ခြင်း၊ ရေနွေးတည်ခြင်းအပြင် ဝပ်၆၀(သို့မဟုတ်) ဝပ်၄၀မီးသီးနှစ်လုံးဖြင့် အိမ်တစ်အိမ်တွင် တညလုံးမီးထွန်းထားနိုင်ကြောင်းနှင့် လုံးဝဘေးအန္တရာယ်မရှိဘဲ အသုံးပြုနိုင်ကြောင်း သိရှိရသည်။
ထို့အပြင်ထွက်ရှိသော လျှံရည်ကိုဝက်စာ၊ ငါးစာအဖြစ် အသုံးပြုနိုင်သကဲ့သို့ စိုက်ခင်းများတွင် အသုံးပြုနိုင်ခြင်း၊ စဉ်းထားသောကောက်ရိုး၊ ဗေဒါရိုးများအပေါ် ပက်ဖျန်းပြီး ခုနစ်ရက်အကြာတွင် အစွမ်းထက်မြက်သော သဘာဝဇီဝမြေသြဇာအဖြစ် ရယူသုံးစွဲနိုင်ခြင်းတို့ကြောင့် ငွေကုန်သက်သာပြီး သီးနှံအထွက်တိုးစေသည့်အပြင် ထင်း၊ မီးသွေး၊ လောင်စာဆီနှင့် လျှပ်စစ်ဓာတ်အားမသုံးစွဲရခြင်းကြောင့် ငွေကုန်သက်သာပြီး စွမ်းအင်ချွေတာခြင်း၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုနည်းပါးခြင်းနှင့် သစ်တောပြုန်းတီးမှုများမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
ယင်းနောက်ဝန်ကြီးချုပ်သည် ကြက်ဥမှမြွေဆိပ်ဖြေဆေးကို သုတေသနပြုလုပ်မှုအား ကြည့်ရှုစစ်ဆေးရာ သုတေသနလုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်ကို လက်ထောက်စက်ရုံမှူး ဒေါက်တာအောင်ဇော်က ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားသည်။ ထို့နောက်ဝန်ကြီးချုပ်သည် မြင်းသွေးမှ မြွေဆိပ်ဖြေဆေးထုတ်လုပ်မှုများကို ကြည့်ရှုစစ်ဆေးရာ ဝန်ကြီးဦးအောင်သောင်းက ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။
ယင်းနောက် ဝန်ကြီးချုပ်သည် Instrumental Laboratory သို့ရောက်ရှိပြီး ပြည်တွင်းသို့တင်သွင်းလာသည့် နို့မှုန့်များတွင် မယ်လမင်းဓာတ်ပါဝင်မှု စမ်းသပ်စစ်ဆေးနေမှုကို ကြည့်ရှုစစ်ဆေးရာ အမျိုးအစားစစ်ဆေးရေးနှင့် သုတေသနဌာန ဒုတိယစက်ရုံမှူး ဒေါ်အုန်းရီက နို့မှုန့်များတွင် မယ်လမင်းဓာတ်ပါဝင်မှု ရှိမရှိကို ခေတ်မီစစ်ဆေး ကိရိယာများဖြင့် စနစ်တကျစစ်ဆေးခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး နို့မှုန့်များတွင် မယ်လမင်းဓာတ်ပါဝင်မှု စစ်ဆေးစမ်းသပ်ချက်ကို လက်တွေ့ပြသသည်။ ထို့နောက်ဝန်ကြီးချုပ်က တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားပြီး ညနေ၃နာရီ ၁၅မိနစ်တွင် ပြန်လည်ထွက်ခွာသွားသည်။