လမ်းများချောမွေ့ကောင်းမွန်ရေး ထိန်းသိမ်းပြုပြင် စီးပွားရေးလုပ်ငန်းများ ထူထောင်ရေးတွင် ဝိုင်းဝန်းပါဝင
ဧရာဝတီတိုင်းဒေသအချို့တွင် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများကို လူသားတို့၏ စိတ်ဓာတ်ကြံခိုင်မှုစွမ်းအား၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စေတနာစွမ်းအား၊ စည်းလုံးညီညွတ်မှုစွမ်းအားတို့ဖြင့် ပြန်လည်ထူထောင်တည်ဆောက်လျက်ရှိသည်။ နိုင်ငံတော်အစိုးရက လေဘေးသင့်ဒေသနေ ပြည်သူများ၏ နေထိုင်စားသောက်ရေး၊ မူလအသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိသည်။ လပွတ္တာ၊ မော်လမြိုင်ကျွန်း၊ ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဟိုင်းကြီးကျွန်း စသည့်မြို့နယ်များအတွင်း ကျေးရွာများ၌ နေအိမ်များပြန်လည် ဆောက်လုပ်ပြီးစီးလျက်ရှိသည့်အပြင် စိုက်ပျိုးရေး၊ ရေလုပ်ငန်းနှင့်အခြားစီးပွားရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောက်ရွက်နေကြပြီဖြစ်သည်။
လေဘေးသင့်ဒေသများ ပြန်လည်ထူထောင်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ကားလမ်းများကို အဓိကအသုံးပြုခဲ့ရာ ရန်ကုန်-ပုသိမ် ကားလမ်း၊ ဖျာပုံ-ဘိုကလေး ကားလမ်းတို့မှာ ယာဉ်သွားလာမှုများပြားပြီး မိုးရွာသွန်းမှုတို့ကြောင့် ပျက်စီးမှုများရှိခဲ့သည်။ ပစ္စည်းသယ်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များ လွယ်ကူချောမွေ့စွာ သွားလာနိုင်ရေးအတွက် လမ်းပြုပြင်မှုလုပ်ငန်းများကို ဦးစားပေးလုပ်ကိုင်လျက်ရှိကြောင်း တွေ့ရသည်။ ယခုအချိန်သည် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်ရာ လမ်းပိုင်းအလိုက် ကျောက်ဖြည့်၊ သဲဖို့လမ်းပေါက်ဖာခြင်းလုပ်ငန်းများကိုသာမက အမာခံလမ်းခင်း ပြုပြင်ခြင်းလုပ်ငန်းကိုပါ ဌာနအချင်းချင်း ညှိနှိုင်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။
ယခုအခါလေဘေးသင့်ကျေးရွာများ၌ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ ဒေသတွင်းလွယ်ကူစွာ ဆက်သွယ်သွားလာနိုင်ရေး လိုအပ်ချက်များကို ဒေသအလိုက် ဘက်စုံဖြည့်ဆည်း ထူထောက်ပေးလျက်ရှိရာ စံပြကျေးရွာများကို တွေ့မြင်နေရပြီဖြစ်သည်။ ဒေသဖွံ့ဖြိုးတိုးတက်ရေးတွင် လမ်းပန်းဆက်သွယ်မှု လွယ်ကူကောင်းမွန်ရေးသည် အဓိကလိုအပ်ချက်ဖြစ်ရာ ဒေသအလိုက်ကားလမ်းမကြီးများ အစဉ်ချောမွေ့နေစေရေး ရာသီမပြတ် ပြုပြင်ထိန်းသိမ်းရင်း လေဘေးသင့် ကျေးလက်ဒေသများ၏ စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်လုပ်ကိုင်ရာ၌ တာဝန်ရှိသူများနှင့်အတူ ဒေသခံပြည်သူများက အားကြိုးမာန်တက် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။

0 comments:
Post a Comment