မုန်တိုင်းသင့်ပြည်သူများအတွက် အလှူငွေပေးအပ်ပွဲ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေ တက်ရောက်အားပေး
မုန်တိုင်းသင့်ပြည်သူများအတွက် အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးလေးဖွဲ့နှင့် စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းပံ့ပိုးမှု ကော်မတီက အလှူငွေပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၁နာရီတွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန မြန်မာနိုင်ငံတော်ဗဟိုဘဏ် (ရန်ကုန်ရုံးခွဲ)၌ ကျင်းပရာ ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေ တက်ရောက်အားပေးသည်။
အခမ်းအနားတွင် လေဘေးသင့်ပြည်သူများအတွက် အိုးအိမ်များတည်ဆောက်ပေးရန်၊ မိဘမဲ့ကလေးများ ဂေဟာငွေပဒေသာပင်နှင့် ဘုန်းတော်ကြီးကျောင်း၊ ဗလီဝတ်ကျောင်း၊ ခရစ်ယာန်နှင့် ဟိန္ဒူဘုရားရှိခိုးကျောင်း စသည့် သာသနိက အဆောက်အအုံများ မွမ်းမံပြင်ဆင်ရန်နှင့် လယ်ယာသုံးစက်ကိရိယာ ပစ္စည်းများ အပါအ၀င် အလှူငွေနှင့် ပစ္စည်းတန်ဖိုး စုစုပေါင်းငွေကျပ် ၇၁၇ သိန်းကို အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးလေးဖွဲ့နှင့် စီးပွားရေး လုပ်ငန်းရှင်များ ပူးပေါင်းပံ့ပိုးမှုကော်မတီနှင့် တစ်ဦးချင်းအလှူရှင်များက ပေးအပ်လှူဒါန်းကြရာ ဘဏ္ဍာငွေ လက်ခံရေးနှင့် ထုတ်ပေးရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးကြီး လှသိန်းဆွေ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်မြင့်နှင့် သာသနာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်သူရအောင်ကို တို့က လက်ခံကြပြီး ဂုတ်ဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ကြသည်။
အဆိုပါ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးလေးဖွဲ့နှင့် စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းပံ့ပိုးမှုကော်မတီသည် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအတွင်းရှိ လေဘေးသင့်ပြည်သူများအတွက် ယခင်လှူဒါန်းပြီး ငွေကျပ်သိန်း ၄၆၀၀ ရှိရာ ယနေ့လှူဒါန်းမှု အပါအ၀င် စုစုပေါင်းမှာ ငွေကျပ် ၅၃၁၇ သိန်းဖြစ်ကြောင်း သိရှိရသည်။

0 comments:
Post a Comment