လပွတ္တာမြို့ အခြေခံပညာအထက်တန်း ကျောင်းသားကျောင်းသူများအား မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)မှ စက်ဘီးအစီး၂၀၊ မက်စ်မြန်မာကုမ္ပဏီအုပ်စုမှ စက်ဘီး၁၀စီး စုစုပေါင်းအစီး၃၀ ပေးအပ်လှူဒါန်းပွဲကို ဇွန်၃၀ရက် ညနေပိုင်းက လပွတ္တာမြို့နယ်(၃)မိုင် လေဘေးကယ်ဆယ်ရေးစခန်းတွင် ကျင်းပရာ အမှတ်(၃)အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်သူ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးခင်မောင်ဝင်း၊ မက်စ်မြန်မာ ကုမ္ပဏီအုပ်စု ဥက္ကဌ ဦးဇော်ဇော်နှင့်တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။
လှူဒါန်းပစ္စည်းများ
အခမ်းအနားတွင် အမှတ်(၃)အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်သူ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးခင်မောင်ဝင်းနှင့် မက်စ်မြန်မာကုမ္ပဏီအုပ်စု ဥက္ကဌ ဦးဇော်ဇော်တို့က စက်ဘီးများကို ကျောင်းသားကျောင်းသူများထံ ပေးအပ်လှူဒါန်းကြသည်။ ထို့အပြင်မက်စ်မြန်မာကုမ္ပဏီအုပ်စုမှ ကျောင်းသားကျောင်းသူများအား လွယ်အိတ်၊ ဗလာစာအုပ်၊ ဘောပင်နှင့် ပေတံများ ပေးအပ်လှူဒါန်းခဲ့သည်။ လပွတ္တာမြို့နယ် လေဘေးသင့် ကျေးရွာများဖြစ်သော ပြင်စလူ၊ စလူဆိပ် စသည်တို့မှ (၃)မိုင်နှင့်(၅)မိုင် ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်လျက်ရှိသော အဆိုပါအခြေခံ ပညာအထက်တန်းကျောင်းသားကျောင်းသူများ နေ့စဉ်လပွတ္တာမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ တက်ရောက်ရာတွင် သွားလာမှုအဆင်ပြေစေရန် ယခုကဲ့သို့ လှူဒါန်းခြင်းဖြစ်ကြောင်းသိရသည်။