လေဘေးသင့်ဒေသများပြန်လည်ထူထောင်ရေး ပါဝင်ဆောင်ရွက်ခဲ့သည့်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းဝင်လူငယ်များအားဂုဏ်ပြုပွဲကျင်းပ
ဧရာဝတီတိုင်း လေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းဝင်လူငယ်များအားရန်ကုန်တိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကဂုဏ်ပြု ညစာဖြင့်တည်ခင်းဧည့်ခံသည့် အခမ်းအနားကို ဇူလိုင် ၁၅ ရက် ညနေ ၆ နာရီတွင်ကျင်းပသည်။ဂုဏ်ပြုအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အထွေထွေအတွင်းရေးမှူး ဦးဌေးဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူးလူငယ်ရေးရာတာဝန်ခံ ဦးသိန်းဇော်၊ ဗဟိုအလုပ်အမှုဆောင်များ၊ဌာနချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ပြည်နယ်နှင့်တိုင်းအသင်း အတွင်းရေးမှူးများ၊အလုပ်အမှုဆောင်များနှင့် ဧရာဝတီတိုင်း လေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်ပေးခဲ့ကြသည့် ပြည်နယ်နှင့်တိုင်းများမှ အသင်းဝင်လူငယ်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရှေးဦးစွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းအထွေထွေအတွင်းရေးမှူး ဦးဌေးဦးက အမှာစကားပြောကြားပြီး ဗဟိုအလုပ်မှုဆောင် ရန်ကုန်တိုင်းတာဝန်ခံ ဦးမောင်ပါက ဂုဏ်ပြုစကားပြောကြားသည်။
ထို့နောက်ဧရာဝတီတိုင်း လေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည့် အသင်းဝင်များကိုယ်စား စစ်ကိုင်းတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း တွဲဖက်အတွင်းရေးမှူးဒေါက်တာ ၀င်းမြင့်အောင်က ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သည်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသူများအား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါ ပြည်နယ်နှင့် တိုင်းများမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝငလူငယ်များသည် အဖွဲ့ခြောက်ဖွဲ့ခွဲ၍ ဧရာဝတီတိုင်းလပွတ္တာမြို့နယ်အတွင်းရှိ လှိုင်းဘုန်းကျေးရွာ၊ပြင်စလူမြို့ ဆင်ခြေရာကျေးရွာ၊စလူဆိတ်ကျေးရွာ၊ဘိုကလေးမြို့နယ်အတွင်းရှိ ကြိမ်ချောင်းကြီးကျေးရွာနှင့် စက်ဆန်းကျေးရွာတို့၌ အခြေပြု၍ ပြန်လည်ထူထောင် တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

0 comments:
Post a Comment