မြန်မာနိုင်ငံလေဘေးပြန်လည်ထူထောင်ရေးကြိုးပမ်းမှု ကုလသမဂ္ဂ ချီးကျူး အခက်အခဲများကြားမှ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ဟုဆို
မြန်မာနိုင်ငံ၌ နာဂစ်မုန်တိုင်း ကျရောက်ခဲ့သည့် ဒေသများအတွင်း ထောက်ပံ့ပို့ဆောင်ရေး အခက်အခဲများရှိသည့် ကြားမှပင် လေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ကြိုးပမ်းလုပ်ဆောင်ချက်များမှာ များစွာ တိုးတက် အောင်မြင်လျက်ရှိကြောင်း ကုလသမဂ္ဂအေဂျင်စီ တစ်ခုဖြစ်သည့် ယူနီဆက်အဖွဲ့က ဇူလိုင်၇ရက်၌ ကြေညာသည်။
လေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် မြန်မာအစိုးရက ငွေကြေးအများအပြား သတ်မှတ် သုံးစွဲကြောင်း ယူနီဆက်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဇာဖရင်ချောက်ဒရီက အေပီသို့ ပြောကြားလိုက်ပြီး စေတနာရှင် တစ်ဦးချင်းစီ၏ ကူညီပံ့ပိုးဆောင်ရွက်မှုတို့ကိုလည်း ချီးကျူးလိုက်သည်။
မေလ ၂ရက်နှင့် ၃ရက်က နာဂစ်မုန်တိုင်းသည် မြစ်ဝကျွန်းပေါ် ဧရာဝတီတိုင်းနှင့် နိုင်ငံ၏ အကြီးဆုံးမြို့တော် ရန်ကုန်တို့ကို အကြီးအကျယ် ၀င်မွှေခဲ့သဖြင့် ပြည်သူ ၈၄၅၃၇ ဦး အသက်ဆုံးရှုံးပြီး ၅၃၈၃၆ ဦး ပျောက်ဆုံးနေသည်။
မီးစ်ချောက်ဒရီက ဆက်လက်ပြောကြားရာ၌ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပို့ဆောင်ရသည်မှာ တုန်လှုပ်ဖွယ် ကောင်းကြောင်း၊ အခြေအနေမှာ လွန်စွာဆိုးရွားကြောင်း၊ မုန်တိုင်းသင့်ဒေသသို့ အရောက်သွားရန်ပင် မလွယ်ကူကြောင်း၊ မြစ်ဝကျွန်းပေါ်ဒေသအများစုမှာ ရေလမ်းဖြင့်သာ သွားလာရောက်ရှိနိုင်ကြောင်း၊ ကုန်းလမ်းခရီးဖြင့် မပေါက်ရောက်သည့်နေရာများသို့ လိုအပ်သည့် ထောက်ပံ့ရေး ပစ္စည်းများကို လေကြောင်းမှ ပေးပို့ရန်အတွက် ကုလသမဂ္ဂစားနပ်ရိက္ခာ အစီအစဉ်ကိုယ်စား စင်းလုံးငှားသည့် ရဟတ်ယာဉ်များကိုလည်း အသုံးပြုကြောင်း၊ လေဘေးထောက်ပံ့ရေး အကူအညီများ ဝေးလံခေါင်းပါးသည့် ဒေသအများအပြားသို့ ရောက်သည်ကို မိမိတို့ကိုယ်တိုင် လေ့လာသိရှိကြောင်း ထုတ်ဖော်ပြောဆိုသည်။
မြန်မာနိုင်ငံ၏ လေဘေးထိခိုက်ဆုံးရှုံးမှုမှာ ၂၀၀၄ ခုနှစ်ကုန်က အိန္ဒိယသမုဒ္ဒရာ၌ ပေါ်ပေါက်သည့် ဆူနာမီဒီလှိုင်းဒဏ် ခံခဲ့ရသည့် နိုင်ငံများကြုံတွေ့ရသော ထိခိုက်ဆုံးရှုံးမှုများနှင့် နှိုင်းယှဉ်၍ ရပါသည်။
ဆူနာမီသဘာဝဘေးအန္တရယ် ကျရောက်ပြီးနောက် သူတို့နိုင်ငံက ဆောင်ရွက်ခဲ့သည့် ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုနှင့် နှိုင်းကာ မြန်မာနိုင်ငံ၏ ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုမှာ အားရဖွယ်ကောင်းကြောင်း အင်ဒိုနီးရှား ကျွမ်းကျင်သူတစ်ဦးက ပြောကြားလိုက်သည်။
ဘေးအန္တရာယ် ကျရောက်အပြီး တုံ့ပြန်ဆောင်ရွက်ရေးနှင့် ပြန်လည်ထူထောင်ရေး အခြေအနေသုံးသပ်ရေး အစည်းအဝေး ပြီးခဲ့သည့် ရက်သတ္တပတ်က ကျင်းပစဉ် အင်ဒိုနီးရှားနိုင်ငံ အာချေးနှင့် အင်လပ်ဒေသဆိုင်ရာ ဆူနာမီ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအဖွဲ့မှ ကျွမ်းကျင်သူ ဟေရူးပရာဆက်ယိုက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။ ထိုအစည်းအဝေးက မြန်မာအစိုးရ၊ ကုလသမဂ္ဂအေဂျင်စီများနှင့် မြန်မာနိုင်ငံ အဖွဲ့ဝင်အဖြစ်ပါဝင်သည့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ကိုယ်စားလှယ်များပါဝင်သည့် သုံးပွင့်ဆိုင် ဗဟိုအဖွဲ့၏ လုပ်ငန်းနှင့် အနာဂတ် တာဝန်များကို လေ့လာသုံးသပ်သည်။
အာချေးဒေသ ဆူနာမီ သဘာဝဘေးအန္တရာယ် ကျရောက်စဉ်ကာလ ကိုင်တွယ်ဖြေရှင်းမှုနှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံ၌ နာဂစ်မုန်တိုင်းကျရောက် ဖျက်ဆီးမှုအပေါ် တုံ့ပြန်ဆောင်ရွက်မှုနှင့် ပြန်လည်ထူထောင်ရေးအတွက် ပြင်ဆင်ရာတွင် သုံးပွင့်ဆိုင် ဗဟိုအဖွဲ့၏ ကြိုးပမ်းမှုများမှာ ရက်သတ္တရှစ်ပတ်မြောက် ကာလတိုးတက်မှု အခြေအနေကို သုံးသပ်လျှင် များစွားတိုးတက် သာလွန်ကြောင်း တွေ့ရသည်ဟု အစည်းအဝေးတွင် ဟေရူးပရာဆက်ယိုက သုံးသပ်သည်။
သို့သော် ခက်ခဲစွာ ကြိုးပမ်းလုပ်ဆောင်ရန် လုပ်ငန်းများရှိနေဦးမည် ဖြစ်ကြောင်း ၄င်းက သတိပေးပြောကြားလိုက်သည်။
ြိမန်မာနိုင်ငံမှ မုန်တိုင်းဒဏ်ခံရသည့် ဒေသများသို့ ကွင်းဆင်းလေ့လာသည့် အာဆီယံဦးဆောင်သော နာဂစ်မုန်တိုင်းအပြီး ပူးတွဲ ဆန်းစစ်လေ့လာရေးအဖွဲ့က ပြီးခဲ့သည့်လကုန်ပိုင်းတွင် ပဏာမတွေ့ရှိချက်များကို ထုတ်ပြန်ရာ၌ မုန်တိုင်းကျရောက်ပြီးနောက် သေဆုံး၊ ရောဂါဘယ ထူပြောမှုများ ဆက်တိုက်ဖြစ်လာဖွယ် စိုးရိမ်စရာများ မတွေ့ရှိရဟု ဆိုသည်။
ထိုအဖွဲ့၏ အပြည့်အစုံအစီရင်ခံစာကို စင်ကာပူနိုင်ငံ၌ ဇူလိုင် ၂၀ရက်နှင့် ၂၁ရက်တွင် ကျင်းပမည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးတွင် ထုတ်ပြန်မည်ဟု ယူဆရသည်။
0 comments:
Post a Comment