ဗြိတိန်နိုင်ငံ လန်ဒန်မြို့အနီး အိမ်တစ်လုံးပေါ်သို့ လေယာဉ်တစ်စင်း ပျက်ကျပြီးနောက် အပျက်အစီးများအား ရဲတပ်ဖွဲ့ဝင်များ ကြည့်ရှုစစ်ဆေးနေစဉ်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့အရှေ့တောင်ဘက် ဖရန်ဘိုရော့ဒေသအနီးရှိ နေအိမ်တစ်လုံးပေါ်သို့ မတ်၃၀ရက်က လူငါးဦး လိုက်ပါလာသော ပုဂ္ဂလိကပိုင် ဂျက်လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လိုက်ပါသူ အားလုံးသေဆုံးခဲ့ကြောင်း ဒေသမီးသတ်တပ်ဖွဲ့က ပြောကြားသည်။ သို့သော် လေယာဉ်ပျက်ကျရာ၌ မြေပြင်ပေါ်ရှိ လူများမှာ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိပေ။
အဆိုပါလေယာဉ်သည် အင်ဂျင်နှစ်လုံးတပ် ပုဂ္ဂလိကပိုင် ဂျက်လေယာဉ်ဖြစ်ပြီး လေယာဉ်မှူးနှစ်ဦးနှင့် ခရီးသည်သုံးဦး တင်ဆောင်ကာ ပြင်သစ်နိုင်ငံသို့ ပျံသန်းသွားစဉ် ပျက်ကျခဲ့ခြင်းဖြစ်သည်။
အဆိုပါလေယာဉ်အား အိပ်ခန်းပြတင်းပေါက်မှ သတိထားကြည့်မိရာ နိမ့်နိမ့်လေးပျံသန်းနေပြီး အန္တရာယ်တစ်ခုခုနှင့် ရင်ဆိုင်နေရသည်ဟု ထင်ရကြောင်း မျက်မြင်တွေ့ရှိသူ ကက်သရင်းစင်နက်က ပြောကြားသည်။