ပြည်ထောင်စု မြန်မာနိုင်ငံတော် တစ်ဝန်းလုံးရှိ ထေရ၀ါဒသံဃာဂိုဏ်း အသီးသီးမှ ကျောင်းထိုင်ဆရာတော်များ၊ ကျောင်းတိုက်နာယက ဆရာတော်များက မိမိတို့၏ တပည့်ရဟန်း သာမဏေများအား ၀ိနည်း (၀ါ) စည်းမျဉ်း၊ ဥပဒေများကို သိရှိကြစေရန် မချိုးဖောက်မိကြစေရန်နှင့် ပတ်ဝန်းကျင်၏ ရိုက်ခတ်မှုကြောင့် ယောင်ယောင်မှားမှား မဖြစ်ကြစေရန်၊ ထိန်းသိမ်းစောင့်ရှောက်ကြရန် ပြည်နယ်/တိုင်း/မြို့နယ် သံဃာ့နာယက အဖွဲ့များမှတဆင့် ညွှန်ကြားခြင်း၊ အထက်/အောက် နာယကအဖွဲ့များ မကြာမကြာ တွေ့ဆုံညှိနှိုင်း ဆွေးနွေးပြီး၊ နိုင်ငံတ၀န်း ပျံ့နှံ့အောင် ဆောင်ရွက်လျက်ရှိပါသည်။

"သံဃာကိစ္စ သံဃာဆောင်ရွက်" ဟူသော မူအရ သာသနာတော်ကိစ္စများကို သံဃာတော်များ ဆောင်ရွက်တော်မူလာကြသည်မှာ ပဌမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမ သက်တမ်းတို့ကို ကျော်လွန်၍ ဆဌမသက်တမ်းပင် တစ်နှစ် ပြည့်ခဲ့ပြီ ဖြစ်ပါသည်။ အချို့ပုဂ္ဂိုလ်များသည် သိပင်သိကြသော်လည်း လေးစားမှု နည်းပါးလာကြသောကြောင့် လည်းကောင်း၊ သံဃာအဖွဲ့အစည်း အခြေခံစည်းမျဉ်းများကို ချိုးဖောက်၍ မပြုလုပ်သင့်၊ မပြုလုပ်ထိုက်သော အမှုကိစ္စများကို ပြုလာကြပါသည်။

" ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး"က ရေးဆွဲပြဌာန်းခဲ့သော သံဃာ့အဖွဲ့အစည်း အခြေခံ စည်းမျဉ်း စာမျက်နှာ-၂၅- အခန်း(၂)၊ အပိုဒ် (၄)၌

"ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း၌ ဤစည်းမျဉ်းအရ သတ်မှတ်ထားသည့် ဂိုဏ်းပေါင်းစုံ ပါဝင်သော သံဃာအဖွဲ့အစည်းတစ်ခုသာ ရှိရမည်ဟုလည်းကောင်း"၊ ယင်းအခန်း(၂) အပိုဒ် (၅)၌

"ပြည်ထောင်စုမြန်မာနိုင်ငံတော် တစ်ဝန်းရှိ ထေရ၀ါဒ သံဃာ့ဂိုဏ်းအသီးသီးမှ ရဟန်းသံဃာ ဟူသမျှသည် ပြည်ထောင်စု မြန်မာနိုင်ငံတော် သံဃာအဖွဲ့အစည်းအတွင်း၌ အလိုအလျောက် ပါဝင်ပြီး ဖြစ်သည်ဟု လည်းကောင်း" စာမျက်နှာ-၂၇၊ အပိုဒ်(၁၁)၌

" ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း သီတင်းသုံးနေထိုင်သော ရဟန်းသာမဏေ ဟူသမျှသည် ဤအခြေခံ စည်းမျဉ်းအရ ဖွဲ့စည်းသော သံဃာ့နာယက အဖွဲ့တစ်ဖွဲ့နှင့် သက်ဆိုင်စေရမည်။ သီးခြား ကင်းလွတ်၍ သီတင်းသုံးနေထိုင်ခွင့် မရှိ" ဟူ၍ လည်းကောင်း ပြဌာန်းထားပါသည်။

ယခုအခါ ဆဌမအကြိမ် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ (၄၇) ပါး စုံညီအစည်းအဝေးကို (၂၀၀၈ ခုနှစ်၊ မတ် ၁၄၊ ၁၅ ရက်နေ့) တွင် လည်းကောင်း၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲကို (၂၀၀၈ ခုနှစ်၊ မတ်လ ၂၁ ရက်)နေ့တွင် ကျင်းပခဲ့ပြီးဖြစ်ရာ ယင်းအခမ်းအနားသို့ အိန္ဒိယသမ္မတနိုင်ငံ၊ သီရိလင်္ကာ ဒီမိုကရက်တစ် ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ နှင့် ထိုင်းနိုင်ငံတို့မှ ဘွဲ့ခံ ဆရာတော်ကြီးများနှင့် ဘွဲ့တံဆိပ်တော်ရ လူပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပြီး " ထေရ၀ါဒသာသနာ" ထွန်းကားပြန့်ပွားရေး ဆောင်ရွက်တော် မူခဲ့ကြပါသည်။

ထို့ကြောင့် ပြည်ပရောက် စာသင်သာမဏေများအား စည်းရုံးသိမ်းသွင်းပြီး အနောက်ဆရာကြီးများ၏ အလိုကျ " သံဃာ့ဦးသျှောင်" ဖွဲ့စည်း၍ သာသနာတော်နှင့် ဆန့်ကျင်သော ၀ိနည်း (၀ါ) စည်းမျဉ်းများနှင့် မညီသော "အလိဇ္ဇီ" များ၏ လုပ်ရပ်များအား သတိပြု၍ " ဗုဒ္ဓသာသနံ စိရံ တိထတု " ဆိုသည့်အတိုင်း " ထေရ၀ါဒ သာသနာ ကမ္ဘာတည်သ၍ " တိုင်စေအောင် ဂရုပြုထိန်းသိမ်း စောင့်ရှောက်ကြပါကုန်"